Copyright 2017 - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် ၇၀ နှစ်ပြည့် ရှမ်းပြည်နယ်နေ့ သို့
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) မှ
ပေးပို့သောသဝဏ်လွှာ


နှစ် ၇၀ ပြည့် ရှမ်းပြည်နယ်နေ့သို့ တက်ရောက်လာကြသော ချစ်ကြည်လေးစားရသည့် တိုင်းရင်းသား ညီအကိုမောင်နှမ ရှမ်းပြည်နယ်သူ ပြည်နယ်သားများအား ဦးစွာပထမ မင်္ဂလာစကားဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံတော်အတွင်း ရာစုနှစ်များနှင့်ချီ၍ နှစ်ပေါင်းများစွာ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြပြီး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတို့အတွက် အတူတကွ ချီတက် တိုက်ပွဲဝင်ခဲ့ကြရင်း ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးခဲ့ရသည့် ညီအကိုမောင်နှမများကိုလည်း ဦးညွှတ်အလေးပြုလိုက်ပါသည်။

အထူးသဖြင့် သွေးစည်းညီညွတ်ရေး၊ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး တရားများကိုအခြေခံ၍ တရားမျှတမှုနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး တည်းဟူသော တိုင်းရင်းသားလူမျိုးစုံပြည်သူများ၏ အခွင့်အရေးများကိုလည်း မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) က လေးစားတန်ဖိုးထားလျက် ဦးတည်ကြိုးပမ်း ဖော်ဆောင်လျက်ရှိပါကြောင်းကို ဖော်ပြလိုပါသည်။

အလားတူပင် ရှမ်းပြည်နယ်သူ ပြည်နယ်သားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် တောင်းဆို တိုက်ပွဲဝင်မှုများကိုလည်း အလေးအနက် ဂုဏ်ယူလေးစားမိပါသည်။

ဤ နှစ် ၇၀ ပြည့်မြောက်သည့် ရှမ်းပြည်နယ်နေ့တွင် ရှမ်းပြည်နယ်သူ ပြည်နယ်သားများ လိုလားတောင့်တသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ အခွင့်အလမ်းများကို အမြန်ဆုံးရရှိကြပြီး ရှမ်းပြည်နယ်အပါအဝင် မိမိတို့မျှော်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတခွင်လုံး ငြိမ်းချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)
ရက်စွဲ။ ။ ၂၀၁၇ ခုနှစ်၊ ဖော်ဝါရီလ ၇ ရက်။

f t g