Copyright 2017 - Custom text here

 

 

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

(ကျောင်းသားတပ်မတော်)

ဖွဲ့စည်းတည်ထောင်ခြင်း ၂၇ နှစ်ပြည့် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

 

ရဲဘော်တို့ -

           သည်နေ့ဟာ ငါတို့ မကဒတ(ကျောင်းသားတပ်မတော်) တည်ထောင်ခဲ့တဲ့ ၂၇ နှစ်ပြည့် အခါသမယဖြစ်တယ်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကနေ ငါတို့ရဲ့ နိုင်ငံရေးဘဝကို စတင်မွေးဖွားခဲ့ပြီး သည် ၂၇ နှစ်တာ တော်လှန်ရေးကာလမှာ တိုင်းရင်းသားတွေရဲ့ တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ အမျိုးသားတန်းတူရေးတိုက်ပွဲတွေနဲ့အတူ ရှင်သန်ကြီးထွားခဲ့ကြတဲ့ သမိုင်းဖြစ်တယ်။

 သည်လို ကြမ်းတမ်းခက်ခဲတဲ့ ၂၇ နှစ်တာ ခရီးဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်း ဆိုတဲ့ လောကပါလတရားအတွက် တိက်ပွဲဝင်ခဲ့တဲ့ သမိုင်းဖြစ်တယ်။ ဒါဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းဖြစ်တယ်။

 

ရဲဘော်တို့ -

           ၁၉၄၇-၄၈ အမျိုးသားရေးလှုပ်ရှားမှုများ၊ ၆၂၊ ၇၄၀၇၅-၇၆၊ ၈၈ ကျောင်းသား၊ အလုပ်သမား လှုပ်ရှားမှုများ၊ ၂၀၀၇ သံဃာ့လှုပ်ရှားမှုများဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေခဲ့သလို- သည်နေ့ မြန်မာနိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားလှုပ်ရှားမှုတွေ၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရုန်းကန် တိုက်ပွဲဝင်နေမှုတွေဟာလည်း တစ်ခုနဲ့တစ်ခု ဆက်စပ် ဒွန်တွဲ ဖြစ်ပေါ်နေတယ်ဆိုတာ အထူး သတိပြုဖို့ လိုတယ်။ သမိုင်းရေစီးကြောင်းဆိုတာ စဉ်ဆက်မပြတ် စီးဆင်းနေတာဖြစ်တယ်၊ သည် သမိုင်းရေစီးကြောင်းကို ဘယ်အာဏာရှင်မှ တားလို့မရဘူး။

 

ရဲဘော်တို့ -

          သည်နေ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ပြည်သူလူထုကြီးရဲ့ ဆန္ဒ၊ အာသီသ နဲ့ လက်တွေ့ဘဝကို အခြေခံကျကျကြည့်မယ်ဆိုရင် အားလုံးဟာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှု တွေကို လိုလားနေတယ်ဆိုတာ အသေအချာပဲ။ သည်လို စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆိုတာကလည်း ယိုယွင်းပျက်စီးနေတဲ့ စနစ်ကြီးတစ်ခုလုံးကို ပြုပြင်ပြောင်းလဲရမှာလို့ပဲ နားလည်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး အဓိကဏ္ဍအားလုံးကို ပြုပြင် ပြောင်းလဲနိုင်မှဖြစ်မယ်။

 

ရဲဘော်တို့ -

          သည် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ဖို့ ရုန်ကန်ကြိုးပမ်းဖို့ဆိုတာ တစ်ဦး၊ တစ်ဖွဲ့၊ တစ်ပါတီ၊ တစ်အုပ်စု နဲ့ လုပ်လို့မရနိုင်သလို ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု မရှိပဲနဲ့လည်း လုပ်ယူလို့ မရနိုင်ဘူး။

          သည်နေ့ ငါတို့နိုင်ငံရဲ့ အခြေအနေအရပ်ရပ်ဟာ အရေးကြီးတဲ့ နိုင်ငံရေး အချိုးအကွေ့ တစ်ခု အပြောင်းအလဲတစ်ခုကို ဖြတ်သန်းဖို့ တာစူနေတဲ့ကာလလို့ ပြောရမှာလိုပဲ။

          ၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုရလဒ်အပေါ် လေးစား တန်ဖိုးထားမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့ ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်နဲ့ လက်တွေ့အကောင်အထည် ဖော်မှု၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ထိန်းသိမ်းဖြေရှင်းရေး၊ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျောင်းသားတွေ၊ အလုပ်သမားအခွင့်အရေး တိုက်ပွဲဝင်သူတွေရဲ့ လွတ်မြောက်ရေးတို့ဟာ သည်နေ့ ငါတို့ ပြည်သူလူထုသာမက နိုင်ငံတကာကပါ အထူး အလေးထား စောင့်ကြည့်နေရတဲ့ ကိစ္စတွေဖြစ်တယ်။

          သည်ဟာကို လက်ရှိ အဓိက တာဝန်ရှိသူ အစိုးရဖက်က ဘယ်လို တုန့်ပြန် သဘောထားမှာလဲ။

 

ရဲဘော်တို့ -

          ယုံကြည်မှုဆိုတာ စကားလုံးတွေ၊ အင်အားသုံး ဖိအားပေး အကြပ်ကိုင်တဲ့နည်းတွေနဲ့ တည်ဆောက်လို့မရပါဘူး၊ လက်တွေ့ အလုပ်၊ ရိုးသားတဲ့ ပြုမူဆက်ဆံမှု၊ တစ်ဖက်နဲ့ တစ်ဖက် နားလည်စာနာမှုတွေနဲ့သာ တည်ဆောက်နိုင်မှာဖြစ်တယ်။

          အရေးအကြီးဆုံးကတော့ တိုက်ပွဲပုံသဏ္ဍန် ရွေးချယ်မှုဆိုတာ ဖြတ်သန်းရတဲ့ နောက်ခံ နိုင်ငံရေးအခြေအနေတွေနဲ့ အုပ်စိုးသူလူတန်းစားရဲ့ သဘောထားပိုင်းဖြတ်မှုအပေါ်မှာ မူတည်ပြီး ပြဌာန်းရတဲ့ သဘောရှိတယ်ဆိုတာ သမိုင်းက သက်သေပြပြီးဖြစ်တယ်။

          သည်အတွက်ကြောင့်ပဲ ငါတို့ မကဒတ(ကျောင်းသားတပ်မတော်)ဟာ လက်နက်ကိုင် တော်လှန်ရေး အပါအဝင် တိုက်ပွဲပုံစံပေါင်းစုံကို စွဲကိုင် တော်လှန်ခဲ့တာဖြစ်တယ်။ နှစ်ပေါင်း ၇၀ နီးပါး ရှိပြီဖြစ်တဲ့ ရှည်လျားလှတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းမှာ ပါဝင်ခဲ့ကြတယ်။ ပါဝင် ပတ်သက်နေဆဲ ဖြစ်တယ်။

 

ရဲဘော်တို့ -

          သည်နေ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်း နိုင်ဖို့လိုတယ်။ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ဖြေရှင်းနိုင်ရမယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေထဲမှာ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုကိုယ်စားပြုအဖွဲ့အစည်း တွေအားလုံး တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိ ပါဝင်နိုင်မှဖြစ်မယ်။

          နှစ်ဖက် အပစ်အခတ်ရပ်စဲတယ်ဆိုတာ လက်နက်ချတာမဟုတ်ဘူး။ အရင်းခံ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာဟာ လက်နက်ချတာမဟုတ်ဘူး။ ဒါဟာ အရှုံးပေး အညံ့ခံတာမဟုတ်ဘူး။ ပဋိပက္ခကို ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားတာဖြစ်တယ်။ ဒါပေမယ့် ငါတို့မှာ မူမဲ့ ဘောင်မဲ့ လုပ်လို့မရဘူး၊ အဖွဲ့အစည်းက ပြဌာန်းထားတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ နိုင်ငံရေးရည်မှန်းချက်အောက်မှာ လုပ်ဆောင် ခဲ့ကြတာ ဖြစ်တယ်။

    · ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊

    · သက်ဆိုင်ရာအင်အားစုများ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ထွန်းရေး  နဲ့-

    · ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသားများရဲ့ တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကို အာမခံချက်ရှိတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု အပါအဝင် အားလုံးလက်ခံတဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တစ်ရပ်ပေါ်ထွန်းရေး -  ဖြစ်တယ်။

 

ရဲဘော်တို့ -

          ငါတို့အားလုံးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ်စနစ်ပေါ်ထွန်းရေး - ဆိုတဲ့ နိုင်ငံရေးဦးတည်ချက် ၄ ရပ်အောက်မှာ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်တဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်။ မကဒတ(ကျောင်းသားတပ်မတော်) ရဲ့ သမိုင်းကို ကိုယ်စီ ကျရာနေရာက ထုဆစ်ခဲ့ကြတယ်။ သည် သမိုင်းတန်ဖိုးကို လက်ရှိတာဝန်ထမ်းဆောင်နေသူများရော၊ တစ်ချိန်က ထမ်းဆောင်ခဲ့ကြသူတွေအားလုံး ထိန်းသိမ်းဖို့ အားလုံးမှာတာဝန်ရှိသလို ညီညီ ညွတ်ညွတ် ဆက်လက် လက်တွဲထားဖို့လိုတယ်။

          သည် ၂၇ နှစ်တာ မကဒတ(ကျောင်းသားတပ်မတော်) သမိုင်းဟာ ငါတို့အားလုံး အသက်တွေ ဘဝတွေ ရင်းနှီးပြီး ရုန်းကန်တိုက်ပွဲဝင်ခဲ့တဲ့သမိုင်းဖြစ်တယ်။

          ဒါကြောင့် သည် ၂၇ နှစ်တာကာလအတွင်း ကျဆုံးသွားခဲ့ကြတဲ့ မကဒတ(ကျောင်းသား တပ်မတော် အာဇာနည်ရဲဘော်အပေါင်းအား တိုင်တည်သစ္စာပြုရင်း - သည် အလံတော် အောက်မှာ တာဝန်ကိုယ်စီ ထမ်းဆောင်ခဲ့ကြသူအားလုံးကို ဦးညွှတ်အလေးပြုလိုက်တယ်။

 

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်၊

ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။

 

ရဲဘော်အားလုံးကို လေးစားတန်ဖိုးထားလျက် -

 

ရဲဘော် သံခဲ

ဥက္ကဌ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-မကဒတ(ကျောင်းသားတပ်မတော်)

ရက်စွဲ။          ။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။

f t g